ရေများများသောက်တိုင်း ကျောက်ကပ် ကျန်းမာရောလား
ရေသောက်နော်။ ရေသောက်နည်းရင် ကျောက်ကပ် ပျက်စီးလိမ့်မယ် ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ တကယ်ပဲ ရေများများ သောက်ရင် ကျောက်ကပ် ကျန်းမာမှာလား၊ တကယ်ကတော့ ရေများများ သောက်တိုင်း ကျောက်ကပ် ကျန်းမာမယ်လို့လည်း တထစ်ချ ယူဆလို့ မရပါဘူး။
ရေများများ သောက်ရင် ကျောက်ကပ် ကျန်းမာတယ်ဆိုတာက အယူအဆမှား တစ်ခုပါပဲ။ တစ်နေ့တာမှာ ရေလုံလောက်အောင် သောက်ဖို့ လိုပေမယ့် ရေကို အလွန်အကျွံ သောက်ဖို့တော့ မလိုပါဘူး။ ပုံမှန် အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၈ ခွက် သောက်ပေးဖို့ လိုတယ် ဆိုပေမယ့် ရာသီဥတု အခြေအနေ၊ အသက်အရွယ်၊ တစ်နေ့လာ လှုပ်ရှားမှုတွေ၊ ကိုယ်ဝန်ဆောင်ထားရတာ၊ နို့တိုက်နေရတာ၊ ဖျားနာနေတာ စတဲ့ အချက်တွေ အပေါ် မူတည်ပြီး သောက်ရမယ့် ရေပမာဏ ကွာခြားနိုင်ပါတယ်။
ခန္ဓာကိုယ် ဖွဲ့စည်းမှုမှာ ၆၀% - ၇၀% လောက်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ ရေကို လိုအပ်ပါတယ်။ ရေက ကျောက်ကပ်မှာ ရှိနေတဲ့ အညစ်အကြေးတွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပါတယ်။
နောက်ပြီး ရေတွေက သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပြီး ကျောက်ကပ်မှာ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ တကယ်လို့ ရေဓာတ်ခမ်းခြောက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ကျောက်ကပ်က လုပ်ဆောင်ရမယ့် တာဝန်တွေကို လုပ်ဆောင်ဖို့ ခက်မယ်ဆိုတာ အသေအချာပါ။ ဒီလိုဆိုတာနဲ့ ရေအများကြီး သောက်ရင်ရော ကျောက်ကပ် ကျန်းမာမှာလားလို့ မေးစရာ ရှိလာနိုင်ပါတယ်။
တကယ်ကတော့ ရေကို လုံလောက်အောင် သောက်ပေးတာကသာ ကျောက်ကပ်ကို ကျန်းမာစေပြီး ရေကို မလိုအပ်ဘဲ အများကြီး သောက်တာက ကျောက်ကပ်ကို ပုံမှန်ထက် အလုပ်ပိုလုပ်ရစေပြီး ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ရေတွေကို လိုတာထက် အများကြီး သောကတာက ရေဆိပ်သင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက ကျောက်ကပ်ကို ဝန်ပိစေနိုင်သလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ သိသာတဲ့ ရလဒ်တွေ အနေနဲ့ ဖောရောင်တာကို ဖြစ်စေနိုင်ပါတယ်။
ရေကို အလွန်အကျွံ သောက်တဲ့အခါ အာရုံရှုပ်ထွေးတာ၊ မူးဝေတာ၊ ခေါင်းကိုက်တာတွေကို ခံစားရနိုင်သလို သွေးပေါင်ချိန် တိုးတာ၊ နှလုံးခုန်နှုန်း နှေးတာတွေကို ခံစားရနိုင်ပါတယ်။
ရေတွေ အများကြီး သောက်တာက ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းက ဆိုဒီယမ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးစေပြီး ကိုယ်တွင်းက အရည်ဓာတ် ဟန်ချက်ညီမှုကို ထိခိုက်စေနိုင်သလို ဆဲလ်တွေထဲမှာ ရေတွေစုပုံပြီး တက်တာ၊ ကိုမာဝင်တာ နဲ့ အရမ်းပြင်းထန်မယ်ဆိုရင် အသက်သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။
ရေသောက်တာက ကျန်းမာစေတယ် ဆိုပေမယ့် ရေကို လိုတာထက် ပိုသောက်ရင်တော့ ကျောက်ကပ်ကို ထိခိုက်စေနိုင်သလို ကျောက်ကပ် ကျန်းမာစေတာထက် ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သတိပေးချင်တာက ရေဓာတ် နည်းတာကြောင့် ကျောက်ကပ် ထိခိုက်စေနိုင်သလို ကျောက်ကပ် ထိခိုက်စေမှာစိုးလို့ ရေအများကြီး သောက်မိမယ်ဆိုရင်လည်း ရေဆိပ်သင့်ပြီး ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။
ကျောက်ကပ်က အဖိုးမဖြတ်နိုင်တဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် ရေကို သောက်တာ ကစလို့ အစားအသောက် အနေအထိုင် အားလုံးကို သေချာလေး ဂရုစိုက်ကြဖို့ အကြံပြုလိုက်ရပါတယ်။
မွန်မွန်